AI, Automation တို့နဲ့ အနာဂတ်
အနာဂတ်မှာ Automation နဲ့ Digitalization က လူသားတွေရဲ့ ဘဝမှာ အလုံးစုံ နေရာယူသွားပြီဆိုရင် ပိုပိုပြီး ထက်မြက်လာတဲ့ AI တွေက လူတွေရဲ့ကိုယ်စားတာဝန်ယူပြီး လုပ်သွားပေးမှာဖြစ်တဲ့အတွက် ကိစ္စအတော်များများမှာ လူသားတွေ ကိုယ်တိုင်ကိုယ်ကျ ထလုပ်ဖို့ မလိုတော့သလို digitalization ကြောင့် ကိစ္စအတော်များများက ထိုင်ရာကမထပဲ ရောက်ရာအရပ်က လုပ်လာမို့လို့ လူသားတွေမှာ အချိန်ပိုတွေ မတရား ထွက်လာမယ်။
Robotics စက်ရုပ်နည်းပညာကလည်း ဒီထက် ပိုဖွံ့ဖြိုးလာခဲ့ရင် တချိန်က E government ကျွန်တော်တို့ ကြွေးကြော်ခဲ့တဲ့ အရွေ့လိုပဲ နောင်တချိန်မှာ Robotic ဒါမှမဟုတ် Robot-first Government တွေဖြစ်လာလိမ့်မယ်။ အိမ်တိုင်းနီးပါး စက်ရုပ်တွေ ရှိလာပြီး ဒီစက်ရုပ်တွေက နိစ္စဒူဝ ထမင်းဟင်းချက် အိမ်သန့်ရှင်းတာကစလို့ မြို့ရွာ သန့်ရှင်းသာယာအောင် ထိန်းသိမ်းတာ၊ ပစ္စည်းပို့တာ၊ အန္တရာယ်များတဲ့ အရေးပေါ် အခြေအနေနဲ့ လုပ်ငန်းခွင်မျိုးတွေမှာ တာဝန်ထမ်းတာ စသဖြင့် လုပ်လာနိုင်လိမ့်မယ်။
ရုံးလုပ်ငန်းအများစုကို AI ကလူထက် ပိုကောင်းအောင် လုပ်လာနိုင်မှာဖြစ်လို့ လက်ရှိ profession အများစုက software အစားထိုးပုံစံ ပြောင်းသွားတဲ့အတွက် ရုံးခန်းနေရာတွေ သိပ်မလိုအပ်တော့ပဲ တဖြေးဖြေး လျှော့ချလာလိမ့်မယ်။ စက်ရုံတွေက စက်ရုပ်တွေနဲ့ ဆက်လည်ပတ်နေဦးမှာဖြစ်ပြီး ဒီစက်ရုပ်တွေကို ongoing maintenance ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့နဲ့ လိုအပ်တဲ့အခါမှာ manual override လုပ်နိုင်ဖို့ ကျွမ်းကျင်လုပ်သားတွေ ဆက်ခန့်ထားရမယ်။
အဲဒီလို လူသားမျိုးနွယ်နဲ့ အသိုင်းအဝိုင်းကြီးကို AI နဲ့မောင်းနှင်တဲ့ စက်ရုပ်တွေနဲ့ ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်သွားနိုင်ပြီးတဲ့တနေ့မှာ ကျွန်တော်တို့လူသားတွေမှာ အဓိကအာရုံစိုက်စရာက ၃ ခုကျန်လိမ့်မယ်။ အပန်းဖြေတာ (entertainment), နယ်ပယ်နဲ့ နယ်မြေအသစ်တွေကို စူးစမ်းရှာဖွေတာ (exploration), သင်ယူလေ့လာတာ (education) ဆိုတဲ့ ၃ နေရာ။ အဲဒီအတွက် Universal Basic Income လိုဟာမျိုးကို မဖြစ်မနေ ဖော်ဆောင်နိုင်ဖို့လိုတယ်။
ကြားထဲမှာလည်း စက်မှုတော်လှန်ရေးအကြီးကြီးတခု ထပ်ဖြစ်ဦးလိမ့်မယ်။ အတိတ်ကနဲ့ မတူတာက white collar job တွေ (စာရင်းကိုင်၊ ရုပ်ရှင်မင်းသားနဲ့ မင်းသမီး၊ ဒီဇိုင်နာစတဲ့ အလုပ်မျိုးအထိတွေပါ) အကြီးအကျယ် ခြိမ်းခြောက်ခံလာရမှာဖြစ်လို့ လူလတ်တန်းစားက passive observer မဟုတ်ပဲ အလုပ်သမားလူတန်းစားနဲ့အတူ ပါဝင်လာလိမ့်မယ်။
လူသားမျိုးနွယ်က လုံးလုံး မှီခိုလိုက်ပြီဖြစ်တဲ့ ဒီ AI system ကြီးကို ဆက်ပြီးမွမ်းမံထိန်းသိမ်းတည်ဆောက်သွားဖို့ဆိုရင် chip တွေ၊ Data Center တွေအခုထက် အဆရာဂဏန်းမက လိုအပ်တယ်။ ဒီအတွက် သတ္တုအရင်းအမြစ်တွေ မြေနေရာနဲ့ စွမ်းအင် လိုအပ်တယ်။ လက်ရှိသိပ္ပံတိုးတက်မှုအရ ဒီ ၃ ခုလုံးက အကန့်အသတ်နဲ့ ဖြစ်နေတယ်။ ဒါကြောင့် တချိန်ချိန်မှာ ကမ္ဘာအပြင်ကိုထွက်ပြီး Local Galaxy အတွင်း စွမ်းအင်ကိုဘယ်လို harness လုပ်မလဲ energy farming လုပ်မလဲဆိုတဲ့ ခေါင်းစဥ်က ဦးစားပေးဖြစ်လာနိုင်တယ်။
လူသားတွေရဲ့ ပညာသင်ယူမှုအပေါ် ချဥ်းကပ်တဲ့ ပုံစံတွေကလည်း ပြောင်းလဲလာလိမ့်မယ်။ လက်ရှိ AI ကပံ့ပိုးပေးနိုင်တဲ့အပေါ် အခြေခံပြီး ဆက်လက်တီထွင်ဖန်တီးသွားနိုင်စေမယ့် principle တွေကိုအဓိက ဦးစားပေးသင်ယူလာကြလိမ့်မယ်။ ဥပမာ Maths, Physics နဲ့ Computation. Programming ကလုံးဝပုံစံအသစ်ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ကျောင်းတက်တဲ့ မျိုးဆက်တိုင်းက programming ကိုသင်ယူကြဖို့ လိုအပ်မယ်။ ရုံးအလုပ်ထဲ နောက်ဆုံးမှပျောက်တဲ့ အလုပ်က programmer တွေဖြစ်လိမ့်မယ်။
AI ခေတ်မှာ အဓိက လွန်ဆွဲစရာ ဖြစ်လာမှာက AI စိုးမိုးတာနဲ့ ပတ်သက်လို့ ဥပဒေပြုအပိုင်းပဲဖြစ်တယ်။ အစိုးရမင်းများနဲ့ သူဌေးသူကြွယ်တွေက AI ခေတ်မှာလည်း လူထုကို ဆက်ပြီး ချုပ်ကိုင် အုပ်စိုးနိုင်ဖို့ ကြိုးစားကြဦးမှာဖြစ်သလို နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ အမျိုးသားလုံခြုံရေးစသဖြင့်တွေကို အကြောင်းပြပြီး edge computing နဲ့ AI privacy တွေကို ကန့်သတ်ဖို့ ထိန်းချုပ်ဖို့ လုပ်လိမ့်မယ်။ ဘယ်ဟာမဆို အပြုသဘောရှိရင် အဖျက်သဘောကလည်း ကပ်ရက်ပါလာမှာဖြစ်လို့ အိမ်ထောင်စုတခု၊ နိုင်ငံတနိုင်ငံကို ထိုးချ ဖျက်ဆီးချင်တဲ့အခါ သူတို့မှီခိုလည်ပတ်ထားတဲ့ AI နဲ့စက်ရုပ်စနစ်တွေက ဦးစားပေး ပစ်မှတ်ဖြစ်လာလိမ့်မယ်။