Imposter Syndrome နဲ့ Dunning-Kruger Effect
programming မှာ ကျွန်တော်တို့ သိပ်မပြောဖြစ်ပဲ လျစ်လျူရှုခံထားရတဲ့အချက်က programmer တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ။ များသောအားဖြင့်က ကိုယ်တို့ programmer တွေရဲ့ ဘဝတဝက်လောက်က imposter syndrome နဲ့ Dunning-Kruger effect ဖြစ်ရင်း ပြီးနေတာပါပဲ။
imposter syndrome ဆိုတာ လုပ်ဖော်ကိုင်ဖက်တွေလောက် ရွယ်တူတွေလောက် ငါက စကေးမရှိဘူး။ ကံကောင်းလို့သာ သူများထက် အခွင့်အရေး ပိုရခဲ့လို့သာ လမ်းကြောင်းတည့်လာတာ။ ဟိုဟာဆိုရင်လည်း ကောင်းကောင်းမသိ၊ ဒီဟာဆိုလည်း ကောင်းကောင်းမရ အဲလိုခံစားရတာပေါ့။ Dunning-Kruger effect ကကျ over confidence ဖြစ်တာ။ ဝါးလုံးခေါင်းထဲကနေ ကောင်းကင်ကိုကြည့်တဲ့ ဖားလေးလို လောကကြီးဆိုတာ ဒီလောက်ကျယ်တာလို့ မြင်တာမျိုး။ ငါ့ဘေးကသူတွေက ငါ့လောက်မသိဘူး ငါသိထားတာတွေက သူတို့ တသက်လုံး လိုက်လေ့လာတောင် နားမလည်လောက်ဘူးလို့ နားထင်သွေးရောက် ပေါက်ပန်းလေးဆယ် လျှောက်ပြော။ အဲလိုပေါ့လေ။
beginner ဘဝမှာတော့ အကုန်လုံး Dunning-Kruger ပဲထင်တယ်။ ကိုယ်လည်းငယ်ငယ်က တပုံစံတည်း။ Scikit Learn လေးသုံးပြီး model လေးတွေ ကိုင်တတ် Tensorflow လေးရတာကို ငါ Machine Learning လုပ်နေတာဆိုပြီး ပီတိတွေဖြာ အီအီးတွေပါပေါ့။ တဖြေးဖြေးနဲ့ အသက်ကလေးလည်းရ industry ပေါင်းစုံမှာ ကျင်လည်ဖူးပြီဆိုတော့မှ imposter syndrome ကတပြန် ကိုယ့်ကြိတ်တော့တာပဲ။
သူများတွေ ဘယ်လိုလဲ မသိပေမယ့် အမှန်ပြောရရင် ကိုယ့်အတွက်က လုပ်မိသမျှ အလုပ်တွေနဲ့ project တွေက ကိုယ့်ဟာကိုယ် သက်သေပြဖို့ လုပ်နေမိတာတွေပဲ။ လူဆိုတာ သိမ်ငယ်စိတ်ရှိတယ်။ သိမ်ငယ်စိတ်ဆိုတာ ကောင်းကောင်း အသုံးချတတ်ရင် တိုးတက်တာမျိုး (The Courage to be Happy, 2019)
17 နှစ်မှာ ML ကိုဘာလို့ quit လိုက်တာလဲ အတော်များများ မေးကြတယ်။ အကြောင်းပြချက်တွေမျိုးစုံ လျှောက်ပေးဖူးပေမယ့် တကယ်က မနာလိုလို့ quit လိုက်တာ။ ဘာကို မနာလိုတာလဲဆိုရင် မိသားစုဆုံရင် ကိုယ်ပြောသမျှ ဘယ်သူမှ နားမလည် အထင်မကြီးပေမယ့် တခြားတယောက်က ဘာမှ စောင်ရေးမပါတဲ့ HTML CSS (ကန်တော့ ကန်တော့ အဲတုန်းက အတွေး) ရေးပြတာကို ဝိုင်းမြှောက်စားကြလွန်းလို့ နေဦး ငါလုပ်ပြမယ်ဆိုပြီး ပေါက်ချလာတာပဲ။
သူများတွေ DSL programming language ထုတ်ပြီး ကြွယ်ကြတော့လည်း DSL လောက် သနားတယ်၊ ငါက GPL လုပ်ပြမှာဆိုပြီး ဒသမကိန်းတွေ ယူနီကုတ်တွေ Lazy Evalution တွေ နောက် Lambda တွေပါ support တဲ့ compiler ရေးဖြစ်ခဲ့တယ်။
အလုပ်စစလုပ်ချင်းတုန်းကဆို ကိုယ်နဲ့ ရင်းနှီးခဲ့တာတွေက Rust တို့၊ ARMv7 (Assembly) တို့၊ Python တို့ဆိုတော့ OOP ကိုလုံးဝမကြေ။ ခက်တာက အလုပ်ကလည်း Spring backend ကြီး။ ဒါပေမယ့် ဘာဖြစ်လဲပေါ့။ ငါမှမတတ်တာ ကြိုးစားရမှာပေါ့ဆိုပြီး နောက်ဆုံး inheritance tree ကြီးပါ အလွတ်ရတဲ့အထိ Java နဲ့ Spring ကိုလေ့လာဖြစ်ခဲ့တယ်။
ပိုဆိုးတာက အသက်တအားငယ်နေတော့ လူကြီးတွေနဲ့ ယှဥ်ပြီး အရမ်းစိတ်ဓာတ်ကျခဲ့တာပေါ့။ ကိုယ်က structure လေးခပ်ကျကျ ရေးတတ်ရင်ကိုပဲ ပျော်နေခဲ့တုန်း သူတို့က ပါးစပ်ဟလိုက်တိုင်း scalability တွေ၊ SQL optimization တွေဖြစ်နေတာကိုး။ ဒါတွေကို ခါးသီးလွန်းလို့ ကြိုးစားခဲ့ရင်း 19 နှစ်မှာ SE2 ပြီး SE3 ကိုကျော် TPM ဖြစ်လာခဲ့တဲ့အထိ ကိုယ့်မှာ လူငယ်ဘဝ ပျောက်ဆုံးခဲ့တယ်။ တန်သလားဆို ဟင့်အင်း။ ပြန်တွေးလိုက်တိုင်း ငါ Bar မှာပဲ Tequila သောက်ရင်း အေးဆေး အချိန်ဖြုန်းခဲ့ရမှာလို့ တွေးမိတယ်။
ဒီနေ့ဆို ကိုယ်တော်တော်လုပ်နိုင်နေပြီဆိုတာကိုလည်း ကိုယ့်ဟာကိုယ် အမှန်တိုင်း သိနေပြီ။ HashiCorp တို့ Doppler တို့လို ကုမ္ပဏီကြီးတွေ သန်းနဲ့ချီ funding သုံး လူဆယ်နဲ့ချီ ရေးခဲ့တဲ့ project မျိုးတွေကိုလည်း ကိုယ်တယောက်တည်း ရေးလို့ရနေပါပြီ။ သူတို့လောက်တော့ solid မဖြစ်ဘူးပေါ့လေ။ ဒါပေမယ့် တခါတခါ သိမ်ငယ်တတ်တုန်းပဲ။
မသိတာတွေလည်း အများကြီး အများကြီး ကျန်တုန်းလေ။ ဒါပေမယ့် အကုန်လုံး လိုက်တွေးပြီး ဒီလိုသာ ယှဥ်နေရင် တသက်လုံး မောဖို့ပဲရှိမယ်ဆိုတာလည်း သဘောပေါက်လာပြီ။ မပေါက်လို့လည်း မရဘူးလေ။ ၂၄ နှစ်ရှိနေပြီ။ ကလေးတုန်းကလို ငါလုပ်ပြမယ်ဆိုပြီး ယွနေလို့မှ မရတော့တာပဲ။ အဓိကက imposter syndrome မဖြစ်ဖို့ဆိုရင် ဘေးက လူတွေနဲ့ ယှဥ်တာကို နည်းနည်းလျှော့မှရမှာ။ ဘာလို့လဲဆိုရင် ဖြတ်သန်းလာရတဲ့ ခရီးချင်း မတူသလို နယ်ပယ်တခုတည်းမှာ ဘယ်သူမှ တသက်လုံး ဆရာကြီး ဖြစ်မနေနိုင်ဘူးကိုး။