Burnout မဖြစ်အောင် code ဘယ်လိုရေးမလဲ

Code တခါထိုင်ရေးရင် ဘယ်လောက်ကြာသင့်လဲ။ Burnout မဖြစ်အောင် code ဘယ်လိုရေးမလဲ။ ကျွန်တော်တို့ Developer ၁၀ ယောက်မှာ ၈ ယောက် ကြုံရတဲ့ ပြဿနာတခုက လိုချင်တဲ့ solution မရမချင်း ဦးနှောက်ကို မပိတ်ချနိုင်ပဲ ဆက်တိုက်တွေးနေတတ်တာပဲ။ ရေရှည်မှာ ဒါအတော်လေး ထိခိုက်တယ်။ မျက်လုံးထိခိုက်တယ်။ digital eye strain ဖြစ်တယ်။ အဝေးမှုန်တာ ပိုဆိုးလာတယ်။ လူက ပူထူပြီး ထုံပေပေ ဖြစ်လာမယ်။ နောက်ဆုံး productivity ကိုပါ ထိခိုက်တယ်။ ဒါပေမယ့် သိသိရက်နဲ့ မရပ်နိုင်ကြဘူး။ အဲဒါ dopamine စွဲနေလို့လို့ ပြောရင် အံ့ဩမလား မသိဘူး။

တကယ်တော့ programmer တွေမှာ တခုခု အဖြေထုတ်နိုင်သွားရင် ဦးနှောက်က dopamine ထုတ်တယ်။ ကိုယ်သိပ်ကို လိုချင်နေတဲ့ အဖြေဖြစ်လေလေ ကောင်းသွားတဲ့ ခံစားချက်နဲ့ နီးစပ်လေလေပဲ။ တဖက်မှာလည်း programmer တွေအတွက် ပိုဆိုးတာတခုက အဖြေရမလာခဲ့ရင် Imposter syndrome ကိုခံစားရပြန်တယ်။ ငါများ ဒါတွေနဲ့ တန်ရဲ့လား။ ငါ့နေရာမှာ သူများသာဆိုရင် အများကြီး ပိုလုပ်နိုင်မလားဆိုတဲ့ guilt ကိုခံစားရပြန်တယ်။

ဒီတော့ programmer တွေ ဘာလုပ်လဲ။ ကွန်ပျူတာရှေ့မှာ မိုးလင်းတယ်။ ထမင်းမေ့ဟင်းမေ့ လုပ်တယ်။ နောက်ဆုံး screen မကြည့်ချင်တော့အောင် burnout ဖြစ်တော့တာပဲ။ အဲဒါကို ဘယ်လိုဖျောက်လို့ရလဲဆိုတဲ့ ပုံသေနည်းတော့ မရှိပါဘူး။ ဒါပေမယ့် လက်ရှိ ကျွန်တော် ဒါတွေလုပ်ဖြစ်တယ်။

- မနက် ၄ နာရီထတယ်။ တခါတလေ အဲထက်စောတယ်။ ဟိုးအရင်က ညဖက်မအိပ်ပဲ ကျွန်တော် မနက် ၅ နာရီထိ စာဖတ်လေ့ရှိတယ်။ နေ့လည် ၁၂ လောက်မှထတယ်။ အိပ်ချိန်တွက်ကြည့်ရင် ပြည့်နေတာပဲဆိုပေမယ့် လူနုံးတယ်။ စိတ်မကြည်ဘူး။ နောက်တော့ ည ၉ အိပ်ပြီး မနက် ၄ နာရီထလိုက်တယ်။ မနက်ပိုင်း code တယ်။ စာဖတ်တယ်။ assignment ရှင်းတယ်။ အများကြီး ပိုနေလို့ကောင်းတယ်။

- problem ကို task တွေအဖြစ် breakdown လုပ်ပစ်တယ်။ problem ကို sub problem တွေထပ်ခွဲတယ်။ sub problem တခုချင်းစီကို assess လုပ်တယ်။ လိုအပ်ရင် research လုပ်တယ်။ evaluation အဆင်ပြေရင် implement လုပ်တယ်။ ဒီ cycle ကို repeat သွားတယ်။ နောက်ပြီး ဒီလို task လေးတွေ ခွဲလိုက်တော့ task တခုကို မိနစ် ၂၀ ပဲ၊ အဲထက်ကျော်ရင် ရပ်မယ်ဆိုတာမျိုး ပို control ရှိသွားတယ်။

- အနားယူတတ်အောင် ကျင့်တယ် (တကယ်) ရာသီဥတုနွေးရင် လမ်းလျှောက်တယ်။ သီချင်းဖွင့်၊ ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေး ထိုင်တယ်။ တကူးတက ကော်ဖီထဖျော်တယ်။ တရက်တခါ အမှိုက်သွားပစ်တယ်။ အိတ်မပြည့်သေးလည်း ပစ်လိုက်တယ်။ လိုအပ်နေတဲ့သူတွေကို ကူညီတယ်။ တခါတလေ အရမ်းခက်ခဲနေတဲ့ coding ပြဿနာတွေက ခုလိုအခြေအနေတွေမှာ အဖြေရလာတတ်တယ်။

workaholic ဖြစ်လွန်းရင် ရေရှည်မှာ အကောင်းထက် အဆိုးတွေက ပိုများမှာမို့ work life balance မျှအောင်ကျင့်ရင်း အကျင့်ဆိုးတွေကို ဖြေးဖြေးချင်း လျှော့သွားကြပါလို့ခင်ဗျာ။