အရှုံးမပေးဖို့နဲ့ လေ့လာတာကို မရပ်လိုက်ဖို့

ဒီစာက ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတခုကို အခြေခံပြီး Junior လေးတွေကို အားပေးချင်တာပါ။ အခုချိန် Software Engineering လောကထဲ ခြေချကာစသူတွေအတွက် သိစရာ language တွေကလည်းများ၊ framework တွေကလည်း မှိုလိုပေါက်၊ database ဆိုလည်းသိရ၊ cloud ဆိုလည်း မလွတ်ရ၊ CDN, Testing နဲ့ Agile, Scrum တွေလည်း ကျန်လို့မဖြစ်ဆိုတော့ မျှော်ကြည့်ရင်း ဒီလောက်လေ့လာစရာတွေ များလွန်းတာ ဒါတွေ ငါတတ်ရောတတ်လာပါ့မလားလို့ ရင်တွေဘာတွေလည်း မောမပေါ့။

အဲဒီလိုမျိုး ကိုယ်လည်း Junior ပေါက်စဘဝမှာ ဖြစ်ခဲ့တာပဲ။ ML Engineer မလုပ်တော့ပဲ Data Engineer လုပ်မယ်ဆိုတော့ အဲတုန်းက ကိုယ့် employer က career development plan ဆိုပြီး Google ရဲ့ cloud training program တခုမှာ ထည့်ပေးတယ်။ (ဟိုတုန်းက IT industry ဆိုတာ အဲသလို။ စိတ်ဝင်စားတယ် သင်ယူနိုင်မယ်ဆိုရင် ရပြီ။ မတတ်လည်း အိတ်စိုက် စပွန်ဆာပြီးကို သင်ပေးတာ) မှတ်မှတ်ရရ အစပိုင်း lecture တွေမှာ အကုန်အဆင်ပြေပေမယ့် Networking (VPC) စသင်တော့ လည်ထွက်ရော။ dynamic route တွေ static route တွေဘာမှကို မသိတော့ဘူး။

စိတ်အချဥ်ပေါက်ပေါက်နဲ့ GCP ကဘာ certificate တွေဖြေလို့ရတာလဲဆိုပြီး သွားကြည့်တော့ ကိုယ်သဘောကျတာလေး ၂ ခုတွေ့တယ်။ ACE (Associate Cloud Engineer) နဲ့ PCA (Professional Cloud Architect) ပေါ့။ ဒါပေမယ့် ငါဒီပုံစံအတိုင်းဆို ACE တောင်အောင်ဖို့ မနည်းကြိုးစားရမှာ။ PCA ကတော့ မမှန်းတော့ပါဘူးလို့ တွေးဖြစ်တယ်။ အဲအချိန် ကိုယ်နဲ့အလုပ်တူတူလုပ်တဲ့ coworker တယောက်က တခြား specialized certificate တွေပါဖြေထားနိုင်ပြီဆိုတော့ တော်တော်လေး အားကျခဲ့ရတာ။ ဒီလူတွေ ဘာများစားလို့ ဒီလောက်တော်ရသလဲပေါ့။ ငါလည်း သူတို့လို ကြိုးစားရင် နောက် လေးငါးနှစ်ဆို PCA တော့အောင်လောက်ပါတယ်လို့ တွေးပလိုက်တယ်။

ဒါပေမယ့် ဘယ်လောက်ကြိုးစားလိုက်ကြည့်ကြည့် NACL တွေ source natting တွေပါလာတဲ့အခါကျ ဘယ်လိုမှ နားမလည်တော့တာနဲ့ အားနာနာနဲ့ပဲ program ကနေ drop out လုပ်လိုက်ရတယ်။ အဲဒီတုန်းက certificate တွေထဲမှာ Anthos အတွက် certificate တခုရှိတယ်။ Google Cloud certified fellow ဆိုလားပဲ။ အဲဒါကြီးက တော်တော်ကြမ်းတယ်။ သူက ပိုက်ဆံပေးဖြေလို့မရဘူး။ ကိုယ့်ဖက်က တော်တော်လေး လုပ်ပြထားနိုင်မှ Google ကဖြေဖို့ ဖိတ်ခံရတာ။ ဖြေပြီးရင် post interview ဆိုတာ ရှိသေးတယ်။ အဲဒါကြီး ဖတ်ပြီး စိတ်ထဲ ဘာသွားမြင်လဲဆိုတော့ အသက် ၅၀ ဝန်းကျင် မုတ်ဆိတ်နဲ့ မျက်မှန်နဲ့ ကိုယ့်ပရော်ဖက်ဆာတွေကိုပဲ။ ဒီလို အိုကြီးအိုမတွေ level လောက်မှ ဖြေမယ့် certificate မျိုးလို့။ ငါတို့တသက်တော့ မဖြစ်နိုင်ဘူးပေါ့။

အဲဒါလည်းပြီးရော ဗမာကားတွေထဲကလို Fast Forward 2 နှစ်ခန့်ကြာသော်ပေါ့။ တနေ့ ညီလေးတယောက်က GCP လေ့လာချင်လို့ resource လေး share ပေးလို့ရလားဆိုတာနဲ့ Website တွေထဲလျှောက်ရှာကြည့်ရင်း Google Cloud က video အတိုအစလေးတွေ တွေ့တယ်။ ကြည့်ရင်း ဪ ရိုးရိုးလေး ရှင်းထားတာပဲ မဆိုးဘူး ကောင်းတယ်လို့ တွေးပြီး ကြည့်နေရင်းက အဲဒါက PCA အတွက် လေ့လာစရာ material တွေဖြစ်နေတယ်။ စိတ်ထဲ အတော်လေးလည်း အံ့ဩသွားတာပေါ့။ ကိုယ်က ကိုယ့်ဟာကိုယ်သာ လေ့လာမိသမျှ progress တွေကို မေ့နေတာ။ တကယ်က ရပ်ပြီး ပြန်လှည့်ကြည့်လိုက်ရင် နှင်ခဲ့တဲ့ ခရီးက နည်းတော့တာမှ မဟုတ်တာပဲ။ ကြားထဲလည်း ကိုယ်က GCP နဲ့ AWS ပေါ်မှာ VM နဲ့ RDBMS တွေဆောက်ဖို့ Portal တောင်ရေးဖြစ်ပြီးသွားပြီလေ။

ဘ၀မှာ တချိန်က ငါဘယ်လိုမှ နားမလည်နိုင်ဘူး မရနိုင်ဘူးလို့ ထင်ခဲ့သမျှတွေက အခုချိန်မှာ ကကြီးခခွေး အဆင့်လောက်ဖြစ်သွားတဲ့အထိ လိုအပ်တာက အရှုံးမပေးဖို့နဲ့ လေ့လာတာကို မရပ်လိုက်ဖို့ပါပဲ။ စဥ်းစားကြည့်။ ၁၈ နှစ်မှာ NA ကထွက်လာပြီး Software Engineering ကိုနကန်းတလုံးမှမသိတဲ့ ကောင်လေးဘဝကနေ အခု ၂၄ နှစ်မှာ EU က Enterprise System တွေကို ဦးဆောင် design နိုင်တဲ့ level ဖြစ်လာခဲ့တာ။ တချိန်က ကိုယ်အားကျလို့ အတုယူရတဲ့သူတွေနေရာကို ကိုယ်ကိုယ်တိုင် ရောက်လာနိုင်ခဲ့တာ။ အဲဒါတွေက တော်လို့မဟုတ်ဘူးဗျ။ ပါရမီလည်း မဟုတ်ဘူး။ မလျှော့သော ဇွဲလုံ့လနဲ့ ငါလုပ်နိုင်မှာလို့ ယုံကြည်တဲ့စိတ်ပဲ။

ရှေ့ ၃ လလောက်က GKE သုံးလက်စ subsidiary က system တွေကို လက်ရှိရှိတဲ့ EKS cluster တွေနဲ့ချိတ်ဖို့ လိုလာတယ်။ Multi-cloud failover တွေ၊ single-unified mesh ကွန်ယက်ဖြစ်ဖို့တွေ တောင်းဆိုလာတယ်။ လက်ရှိ setup ကမလုံလောက်တော့ဘူး ဘယ်လိုလုပ်မလဲပေါ့။ ကိုယ်တို့ ဘယ်ဟာရွေးဖြစ်လိုက်တယ်ထင်လဲ။ Google Anthos လေ။ Managed Istio + တခြားသော ဘာညာသရကာ လိုအပ်သော service များပေါ့။ စိတ်ထဲ တွေးလိုက်မိပါတယ်။ မုတ်ဆိတ်နဲ့ မျက်မှန်နဲ့ အဖိုးကြီးတွေဆိုတာ ငါမှန်းထားတာနဲ့ နည်းနည်းတော့ ကွာနေပါလားလို့ xD

ဒါကြောင့် Junior လေးတွေကို စိတ်ထဲ စွဲစွဲမြဲမြဲ မှတ်ထားစေချင်တာတခုက If you want it, you work for it and you will get it ဆိုတာပါပဲ။ တချိန်မှာ ငါဒီအထိတောင် ရောက်လာခဲ့ပါလားဆိုတဲ့ ဖီလင်မျိုးက မဆုတ်မနစ် ကြိုးစားတဲ့သူတွေပဲ ရကြတဲ့ ဆုလာဘ်ပါ။ ဒီနေ့ခေတ်မှာ AI assistant တွေလည်းပေါ်လာတော့ ဘယ်ဟာဖြစ်ဖြစ် ခပ်မြန်မြန် လေ့လာသွားလို့ရတယ်။ ဟိုးတုန်းကနဲ့ ဘာမှမဆိုင်တော့ဘူး။ လေ့လာစရာတွေ လွယ်လွယ်ရလာတဲ့ခေတ်မှာ ခပ်မြန်မြန် လေ့လာသွားနိုင်တဲ့သူကပဲ အဆုံးမှာ တင်ကျန်ခဲ့မယ်။