အလုပ်ရချင်လို့ ဘယ် programming language သင်ရမလဲ
အလုပ်ရချင်လို့ ဘယ်လို programming language သင်ရမလဲဆိုတဲ့ မေးခွန်း ဒီ field ထဲဝင်မယ့်ကလေးတွေ မကြာခဏ မေးတတ်ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အမှတ်မှားနေတာလေးတခု ကျွန်တော် ရှင်းပြဦးမယ်။
အဲဒီ programming language တွေဖြစ်တဲ့ Python တို့၊ C# တို့ဆိုတာ ဥပမာပေးရရင် ခဲတံတွေ စုတ်တံတွေလိုပဲ။ သူတို့တွေက computer နဲ့လူနဲ့ကြားမှာ ပေါင်းကူးပေးဖို့ ရည်ရွယ်တဲ့ စာလုံးတွေသက်သက်ပဲဖြစ်တာမို့ ဒါတွေရေးတတ်တော့ ဘာအလုပ်ရမှာလဲမေးရင် ဘာအလုပ်မှမရနိုင်ပါဘူး။ လူတယောက်က ခဲတံကိုင် သိပ်ကျွမ်းတာဖြစ်နိုင်တယ်။ ခဲတံတွေ အကြောင်း ကောင်းကောင်းသိတယ်။ အဲလိုဆိုတိုင်း သူ့ကို ခဲတံကိုင်တာ ကျွမ်းလို့ ဘာအလုပ်မှ ပေးစရာမရှိဘူး။ ဒါပေမယ့် သူက ခဲတံနဲ့ ခဲပန်းချီဆွဲတတ်သလား။ ဒါဆို အလုပ်ပေးစရာရှိလာပြီ။ ဒီလိုပဲ။ ခဲတံနဲ့ သူဝတ္ထုရေးတာလား၊ ဝတ္ထုဆရာဖြစ်နိုင်မယ်ပေါ့။
programming language တွေကိုသင်တဲ့အခါမှာလည်း ခဲတံကိုင်သလို၊ စုတ်တံကိုင်သလို မြင်ယောင်ကြည့်ပါ။ ငါအလုပ်ရဖို့အတွက် ဒီဟာတွေနဲ့ ဘာလုပ်ချင်လဲ ဘာလုပ်တတ်လဲဆိုတာမျိုး မေးကြည့်ပါ။ Python ထဲက standard library တွေ အကုန်သိတယ်။ ဒါပေမယ့် Python နဲ့ Website လည်းမရေးတတ်ဘူး၊ Machine Learning လည်းမသိဘူးဆိုတာမျိုးကျ ဘာအလုပ်မှ ရမှာမဟုတ်ပါဘူး။
အဲဒီလိုမေးဖြစ်ရင် ဘာ language သင်သင့်လဲ ဆိုတာလည်း ရှင်းလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ စုတ်တံသုံးပြီး ဝတ္ထုတအုပ် ထိုင်ရေးလို့ မရမဟုတ် ရတယ်။ ဒါပေမယ့် အလုပ်တွင်မှာတော့ မဟုတ်ဘူးပေါ့။ ဒီလိုပဲ။ Data Science လုပ်ချင်တဲ့အခါ သူ့အတွက် အထူးပြု library တွေပေါတဲ့ Python, R စသဖြင့်ရှိမယ်။ Website တွေလုပ်ချင်တာဆိုရင် JavaScript, PHP တို့ရှိမယ် စသဖြင့်။
ဒါကြောင့် အလုပ်ရချင်လို့ ဘယ် programming language ကိုသင်ရမလဲဆိုတဲ့ မေးခွန်းမှာ အဖြေမရှိပါဘူး။ အဲဒီအစား ကျွန်တော်/ကျွန်မကတော့ Web Developer ဖြစ်ချင်တာ၊ AI လုပ်ချင်တာ၊ အဲဒီအတွက် ဘယ် language သင်ရင်ကောင်းမလဲဆိုတာမျိုးကိုသာ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။